Monday, February 29, 2016

အစကတော့ ဒီစာကို အဖေများနေ့မှာ ရေးဖို့ပဲဗျ ။ ဒါပေမယ့် ကျွန်တော်ဆိုတဲ့လူကလည်း လုပ်ရင်လည်း လူများထက် စောလုပ်လိုက်ရမှ . မဟုတ်ဘူးဆိုရင် လုပ်ကိုမလုပ်ရသေးပဲ စိတ်ကုန်သွားတတ်တာ ။
နောက်တော့ အဖေ့မွေးနေ့မှာ ရေးမယ်ကြံပေကော ။ အဲ့နောက်မှာ လူက အပျင်းထူနေတာတပိုင်း . အအိုဆုံးမွေးချင်းကြီးက အရင်ရေးလိုက်တာကတပိုင်းနဲ့ ဇာတ်လမ်းမစခင်  ဇာတ်သိမ်းသွားပြန်ကော ။
ဒါနဲ့ပဲ ခုရက်ပိုင်းက စာမေးပွဲဆိုတော့ကာ စာကလွဲရင် အကုန်လုပ်ချင်နေတဲ့ရာသီအတွင်း ရေးလိုက်ပါတယ် ။ ရာသီမဟုတ်လို့ မဖတ်ချင်သေးဘူးဆိုလည်း အဖေ တခါ ရုရှားကနေ နွေရာသီကြီးဝယ်လာတဲ့ ကုတ်အင်္ကျီကြီးလို နောက်နှစ် ဆောင်းတွင်းမှ ထုတ်ဖတ်ပါ အဖေ ။
x x x x
အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက အဖေ့ကို သေချာမမှတ်မိဘူးဗျ ။
အဖေဆိုလို့ စဉ်းစားလိုက်ရင် ကျနော် ဂွေလှည်းစီးတဲ့ အရွယ်လောက်က မြိတ်ကနေ အမေက ပျဉ်းမနားရှိ ဘွားမေဆီရေးလိုက်တဲ့ စာရယ် ၊  ကျနော် ဟိုပြေးလိုက် ချော်လဲလိုက် ဒီပြေးလိုက် ဒိုင်ဗင်ပစ်လိုက်ခေတ်က ရိုက်ထားတဲ့ ဗီဒီယိုရယ် ၊ အိမ်ပြန်လာရင် မုတ်စိပ်မွေး ရိတ်ပြီးလို့ တိုစိတိုစိလောက်နဲ့ လိုက်လိုက်ပွတ်တယ်တို့ အဲ့တာ အကုန်ပါပဲ ။
နောက်ပိုင်းမှာလည်း အဖေကို တွေ့တယ်ဆိုတာ နွေရာသီကျောင်းပိတ်ရက် အဖေ့တပ်ကို လိုက်နေရုံလောက်ပဲ ကောင်းကောင်းတွေ့ကြရတော့ အဖေ့ဆီကို သွားရင် မနက်ခင်းအစောကြီးထရမယ်တို့ ၊ တပ်မှာနေရင် ကော်ဖီကို အမေဖျော်တော့ မပုံဖျော်တာလောက်မချိုဘူးတို့ ၊ ထမင်းကြော်မှာ ပဲပေါင်းမပါဘူးတို့ ။ အဲ့တာနဲ့ပဲ အဖေ့ဆီလာရမယ်ဆို သိပ်ပြီး anticipate မဖြစ်ဘူးဗျ ။
ဒါနဲ့ အဖေ့ကို သေချာမှတ်မိလာတာကတော့ ၈တန်းပဲ ။ အဖေက နေပြည်တော် ပြောင်းလာတာရယ် ၊ အမေကလည်း မွေးချင်းအလတ် ၁၀တန်းနှစ်ဆိုတော့ ရန်ကုန်ခဏခဏသွားရတာနဲ့ပဲ အမေ့အလုပ်အကုန်လုပ်ရပေးရတာနဲ့ပဲ စကားကောင်းကောင်းစပြောဖြစ်လာတာကြောင့်ပါပဲ ။
[ အမေ့တာဝန် - မနက်စာတူတူစား ၊ အဖေ့ဆေးရှာ ၊ အဖေရုံးသွားမယ်ဆိုရင် အဖေ့ရုံးအိတ်သယ် ၊ အဖေ့ကားကို ဂိုဒေါင်ထဲကထုတ် ရှေ့တိုးလိုက် နောက်ဆုတ်လိုက်လုပ် ၊ အဖေ့ဖိနပ်ထုတ်ပေး ၊ တာ့တာ့ပြ ၊ ခြံတံခါးပိတ် ။
 ညနေ အဖေပြန်လာရင် ကားတံခါးဖွင့်ပေး ၊ ပစ္စည်းတွေသယ်ပေး ၊ ဖိနပ်နေခဏလှန်း ၊ အိမ်ထဲပြန်ထည့် ၊ ရေချိုးပြီး ညစာစား ၊ အဖေကြည့်နေကျ အားကစားလိုင်းတွေလိုက်ကြည့် ၊ ပြီးရင် အိပ် ။ ]
တသက်လုံး အဖေ့ကို တိုစိတိုစိလောက် မှတ်မိတဲ့သား
အဖေနဲ့ အတူနေတဲ့ ၁နှစ်အတွင်းမှာ သားအမှတ်မိဆုံးကတော့ “ ခွာ”သံပါပဲ ။
မနက်ခင်း အဖေ ရှူးဖိနပ်စီးပြီဆိုပြီဆိုရင် ငေးကြည့်နေရတာ ။ ဒါန်းပေါ်မှာ စကားတွေ ပြောလို့ပြီးသွားရင် “ကဲ . ရုံးသွားရတော့မယ်” ဆိုပြီး ထလိုက်ရင် ဘာမှတောင်ပြန်မဖြေပဲ နားထောင်နေရတာ ။ ဒေါက်ဒတ် .. ဒေါက်ဒတ်
ဘယ်လိုဖြစ်လို့များ ဒီ ဒေါက်ဒတ် .. ဒေါက်ဒတ် ကို စွဲလန်းနေရပါလိမ့်ဆိုတော့ကာ
x x x x
ကျနော် ငယ်ငယ်ထဲက အတ္ထုပတ္တိတွေဖတ်ရတာ တော်တော်ဝါသနာပါတယ်ဗျာ ။ အိမ်သာတက်ပြီဆိုရင် အမြဲတမ်းလက်ထဲပါသွားတာက ဒေးကာနက်ဂျီရဲ့ ၅မိနစ် အတ္ထုပတ္တိများပဲ ။ လူတယောက်အကြောင်းကို ၅မိနစ်နဲ့ ဖတ်လို့ရနေမှတော့ အိမ်သာနဲ့ကွက်တိပေါ့ ။ တခါတက် ၂ယောက် ၃ယောက်ဆို ကွက်တိလောက်ပဲ ။
ကျနော့ အဖေက စကားပြော တိုတယ် ၊ ပြတ်တယ် ။ အဲ့တာကြောင့်ပဲလားမသိ . . စကားရှည်ရှည်ပြောရင် နားထောင်လို့သိပ်ကောင်းတယ် ။ သိပ္ပံမောင်ဝက သမိုင်းအကြောင်းရေးတယ်လို့ စဉ်းစားကြည့်ကြည့်ဗျာ ။ စာကြောင်းတိုတိုနဲ့ စကားရှည်ရှည်နားထောင်ရတာ သိပ်အရသာရှိတယ် ။
အမေကတော့ စကားပြော ညက်တယ် ၊ စကားလက်ဆုံကျရင် သိပ်ပြောလို့ကောင်းတဲ့လူမျိုး ။ စကားလုံးစုံစုံသုံးပြီးတော့ နားထောင်တဲ့လူ နားရည်ဝအောင်ပြောတတ်တယ် ။ ချစ်ဦးညိုစာရေးပုံလိုမျိုးလို့ ပြောလို့ရမလားပဲ . ဇာတ်လမ်းပေါ်ကို ထပ်ကွန့်တတ်တဲ့လူစားမျိုးဆိုတော့ကာ ။ ကျနော်ကတော့ တခါတလေ ငတုတ်ရိုက်သလား ဇားပြုတ်ကိုက်သလား သိပ်မကွဲချင်ဘူးရယ် ။

ဝတ္ထုထဲက အဖေတွေလိုမျိုး ၊ ပတ်ဝန်းကျင်က အဖေတွေလိုမျိုး ကျနော့အဖေက ပုံမှန် သူရာမှီဝဲသူ မဟုတ်ပေမယ့် မိသားစုစားဝိုင်းတွေမှာ နည်းနည်း သောက်တတ်တယ် ။ အဖေနည်းနည်း မူးလာပြီလို့ သိသာတဲ့အချက်ကတော့ အမေ့မိသားစုသမိုင်း အဖေ့မိသားစုသမိုင်းပဲ ။
“မင်းအမေနဲ့ လက်ထပ်တော့မယ်ဆိုတော့ မင်းအဘိုးက အဖေ့ကို ပြောတယ် ၊ မင်းက ဒီအမျိုးထဲလာတော့မယ်ဆိုတော့ကာ ဒါတွေသိထားဆိုပြီး ပြောသကွ” ဆိုရင်တော့ အင်း. . ဟုတ်နေပြီ
“အဖေ့အမျိုးတွေကလည်း မခေပါဘူးကွ ဆင်ကြီး ဆုံထင်တဲ့ ရွာစည်ပင်သားတွေကွ ဟားဟား” ဆိုရင်တော့ တော်လောက်ပြီ အမေက ထမင်းပန်းကန်တွေစသိမ်းပြီ ။
ဒါပေမယ့် ကျနော်ကြားချင်တာတွေက ဒီအချိန်မှာ မဟုတ်ဘူး . . ထမင်းစားပြီးနည်းနည်းကြာလို့ ဒါန်းပေါ်ထိုင်ပြီး လေညှင်းခံပြီးတော့မှ စတာ ။
“အဖေငယ်ငယ်တုန်းကပေါ့ကွာ” ဆိုပြီးတဲ့ စကားတွေ ။ ငါးမိုင်ဝေးတဲ့ မြို့ပေါ်ကို ရွာကနေ ခြေလျင်ကျောင်းတက်ရတာတို့ ၊ တက္ကသိုလ်ကို သူများအိမ်မှာ အလုပ်လုပ်ရင်းကျောင်းတက်ရတာတို့ ၊ အဖေ့သူငယ်ချင်းက ကင်းစောင့်လုပ်ရင်းကျောင်းတက်ရတာတို့ ၊ ကျောင်းမှာ အဖေတို့သူငယ်ချင်းတွေ ဘယ်လိုဘယ်လို ကြိုးစားရတာတို့ ။။

ဒီလိုအချိန်မှာ အဖေပြောတဲ့စကားတွေက “ငါတောင် ဒီနေရာကနေ ဒီလိုဖြစ်အောင် လုပ်နိုင်တယ် ၊ မင်းက ဘာလုပ်နေတုန်းတို့” “ငါဘယ်လောက်သနားစရာကောင်းလဲတို့” “ငါဘယ်လောက်တော်တုန်း” တို့လိုမဟုတ်ဘူးနော် ။ အဲ့တုန်းက ဒီလို ဒီလိုပဲလို့ ပြောနေတာ ။ ကျနော် ပြောထားသားပဲ ။ သိပ္ပံမောင်ဝ စာရေးပုံကို စဉ်းစားကြည့်ပါလို့ ။ မောင်မွှေးရဲ့ ဆိတ်ပုံကြော လိုပဲ ။ နားထောင်ရတာ အရသာရှိချက် ။

အဖေနဲ့ အတူနေတုန်းမှာ အဖေ့ရွာကို ခဏခဏ သွားလည်ဖြစ်တယ် ။ ရွာက လူကြီးတွေ ပြောတဲ့ အဖေ့အကြောင်းတွေ ၊ အဖေ့ ဆိတ်ပုံကြောထဲက အဖေ့ကျောင်းတို့ ၊ အဖေရွာလမ်းတို့ ၊ အဘိုးလယ်တို့ကိုလည်း မြင်ခဲ့ရတယ် ။ ရွာက အဖေ့ကို အကူအညီတောင်းရတာတို့ ၊ အဖေ့ကို ၀ိုင်းတိုင်ပင်ကြတာတို့လည်း ကြားခဲ့ရတယ် ။ အထင်ကြီး အားကျနေရတဲ့ မျက်လုံးတွေရယ် ။

သေချာစဉ်းစားကြည့်ကြပါ ။ ကျနော် အမြဲစောင့်နားထောင်နေရတဲ့ ဆိတ်ပုံထဲ လယ်သမားသားကလေး ဒီလမ်းလေးပေါ်ကနေ ကျောင်းကို ခြေလျင်သွားခဲ့ရမယ် ။ ဒီလမ်းပေါ်မှာ ကစားခဲ့မယ် ။ ဒီလမ်းပေါ်မှာ ရယ်ခဲ့မယ် ။ ဒီလမ်းပေါ်မှာ ငိုခဲ့မယ် ။ ဒီလမ်းပေါ်မှာ ပျော်ခဲ့မယ် ။ ဒီလမ်းပေါ်မှာ စိတ်ဓာတ်ကျခဲ့မယ် ။ ခု ဒီလမ်းကို ပြင်ဖို့ ဘယ်လို ပြင်ဖောက်ရမလဲဆိုတာ အခုအချိန် အသက် ၅၀ လယ်သမားသားကလေးကို မေးနေကြတယ် ။ ဇာတ်လိုက်ကော ဇာတ်အိမ်ကော ဇာတ်သိမ်းကော အကုန်လုံးကို တနေရာထဲမှာ မြင်နေရတာ ။ ဒေးကာနက်ဂျီရဲ့ စာအုပ်ထဲက လူတယောက်မှ မမှီတာဗျ ။

x x x x

ကဲ . . ဒါတွေအားလုံးကို ရွာလမ်းမကိုမြင်ပြီး စဉ်းစားနေတာလား ၊ ခံစားနေတာလားဆိုတော့ကာ
မဟုတ်ပါဘူးခင်ဗျ ။
အစလောက်မှာ ပြောခဲ့တဲ့ ဒီ အဖေ့ ခွာသံ “ဒေါက်ဒတ် .. ဒေါက်ဒတ်” ကနေ ကြားရတာဗျ ။
ဒေါက်ဒတ် . လယ်သမားသားကလေး . ဒေါက်ဒတ် . mechanical ကျောင်းသားလေး . ဒေါက်ဒတ် . ကျနော့အဖေ ဗိုလ်မှူးကြီး . ဒေါက်ဒတ်

အခု ကျနော်လည်း ဒီနှစ်ကစပြီး Clinic စ၀င်ရတဲ့အတွက် ရှူးဖိနပ်စစီးရတယ်ဗျာ
တတန်းလုံးလည်း ဒီနှစ်မှစစီးတဲ့အတွက်ကြောင့် စီးသားမကျသေးပုံပေါက်တယ် . တချိန်လုံးကြားနေလိုက်ရတဲ့ ဒေါက်ဒတ် ဒေါက်ဒတ် ဒေါက်ဒတ်

မဟုတ်ဘူး . . ကျနော်မှတ်မိနေတဲ့ အားကျနေရတဲ့ ဒေါက်ဒတ် က ဒီ ဒေါက်ဒတ်မဟုတ်ဘူးဗျာ . .
ရှူးဖိနပ်ခွာသံမဟုတ်ပဲ အဖေ့ ခွာသံမှ အဖေ့ ခွာသံ စစ်စစ် . . . ဒေါက်ဒတ် ဒေါက်ဒတ်
ဒေါက်ဒတ် . လယ်သမားသားကလေး . ဒေါက်ဒတ် . mechanical ကျောင်းသားလေး . ဒေါက်ဒတ် . ကျနော့အဖေ ဗိုလ်မှူးကြီး . ဒေါက်ဒတ်





No comments:

Post a Comment